တပ်မတော်အစိုးရ ယန္တရားက ထိန်းချုပ်ထားဆဲ

on Monday, July 30, 2012

(Scotman News မှ 29 July 2012ရက်စွဲပါ “Burma’s military still in control”သတင်းဆောင်းပါးကို ဘာသာပြန်ဆိုသည်)

ရှုပ်ထွေးသောရန်ကုန်မြို့တော်လမ်းဆုံမီးပွိုင့်တစ်ခုတွင်ပျင်းရိငြင်းငွေ့နေပုံရသောစစ်သားနှစ်ဦးသည် အော်တို
မတ်တစ်ရိုင်ဖယ်သေနတ်ကိုင်၍ မတ်တပ်ရပ်နေကြသည်။ တပ်မတော်(သို့)စစ်တပ်ကကာလများစွာ လွှမ်းမိုး ထားခဲ့သောနိုင်ငံတွင် ယခုလိုစစ်သားနှစ်ဦးသာတွေ့ရသော ဤမြင်ကွင်းသည် ထူးဆန်းသည်။

မည်သို့ပင်ဖြစ်စေ ရန်ကုန်သည် ယခုအခါ အခြားပုံမှန်အရှေ့တောင်အာရှမြို့တော်များကဲ့သို့ ရှုတ်ထွေးလာ၊ ဆူညံ လာ၊ ပွစိတတ်လာသလို စိတ်လှုပ်ရှား၍ အားတက်စရာလည်းကောင်းလာသည်။ ယခင်နှစ်ပေါင်းများစွာ ထိန်းသိမ်း ခံခဲ့ရသောအတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကပြီးခဲ့သောအပတ်တွင်လွှတ်တော်၌သူမ၏အဖွင့်စကား
 ပြောကြားခဲ့ခြင်းသည် လမ်းလျှောက်သင်စ မြန်မာ့ဒီမိုကရေစီခြေလှမ်းလေးများကို ထင်ဟပ် နေသည်။

ပြောင်းလဲနေသောကမ္ဘာသစ်တွင် ယခင်အထီးကျန်နိုင်ငံကို နေရာပိုရလာအောင် အထောက်အကူပြုမည့် စီးပွားရေး၊ လူမှုရေး ပြုပြင်ပြောင်းလဲမှုများကို ယခုအရပ်ဖက်အစိုးရသစ်က ဦးစားပေးလုပ်ဆောင်နေသည့် လက္ခဏာရှိသည်။

သို့ဆိုလျှင် တစ်ချိန်ကမိုးကောင်းခဲ့ကြသည့် ရဲတပ်ဖွဲ့နှင့်တပ်မတော်တို့ ဘယ်ရောက်သွားသနည်း။ ၎င်းတို့ကို မတွေ့ရခြင်းသည် ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့်စီးပွားရေး ဖွံ့ဖြိုးရေးအနာဂါတ်ဆီသို့ မြန်မာနိုင်ငံဦးတည်နေပြီဟူသော နောက်ထပ် လက္ခဏာကောင်းတစ်ခုများလား။

နှစ်ပေါင်းနှစ်ဆယ်ခန့် ပြည်ပတွင်တိမ်းရှောင်နေပြီး မကြာသေးမီက မြန်မာနိုင်ငံသို့ပြန်သွားသော NLD အကြီးတန်း ပါတီဝင် ဦးသိန်းမောင်သည် တပ်မတော်အစိုးရ ယန္တရားကြီးဖုံးကွယ် ငုတ်လျှိုးနေရုံမျှသာဖြစ်သည်ဟု ယုံကြည်ထား သူဖြစ်သည်။

“လမ်းတွေပေါ်မှာ စစ်တပ်နဲ့ရဲတွေကို အုံလိုက်ကျင်းလိုက် မတွေ့ရတော့ပါဘူး။ ဒါဟာပြောင်းလဲလာတဲ့ လက္ခ ဏာကောင်း  တစ်ခုလို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် ခင်ဗျားဘယ်သွားလဲ၊ ဘယ်သူနဲ့တွေ့သလဲလို့ စောင့်ကြည့်နေတဲ့ အစိုးရသတင်းပေးတွေကတော့ ဟိုတယ်တွေမှာ၊ စားသောက်ဆိုင်တွေမှာ၊ လမ်းတွေပေါ်မှာ၊ နေရာတကာမှာ ရှိနေ ပါ တယ်”ဟု သူကဆိုသည်။

သြဇာတိက္ကမ ကြီးမားသော ဒေါ်အောင်ဆန်းစုကြည်ကို အကျယ်ချုပ်မှလွှတ်၍ နိုင်ငံရေးနယ်ပယ်၌ ပြန်ပေါ်လာခြင်း သည် တကယ်မဟုတ်သော ထင်ယောင်ထင်မှားအပြောင်းအလဲကို ဖန်တီးခြင်းအားဖြင့် မြန်မာအများစု၏ အနေ အထား ကို ပိုဆိုသွားစေရုံသာရှိသည်ဟု အချို့ကယုံကြည်ကြသည်။

ဒေါ်အောင်ဆန်းစုကြည်သည် သဘာဝကပေးသောအဖြေဟု အများစုကလက်ခံထားကြခြင်းထက် အမှန်တကယ် ၌ မြန်မာနိုင်ငံအတွက် ပြဿနာတစ်ရပ်ဖြစ်လာနိုင်ကြောင်း စိုးရိမ်ပူပန်မှုများလည်း ရှိနေသည်။ သူမ၏ ကမ္ဘာကျော်ရေ ပန်း စားမှုသည် မျိုးဆက်သစ်ခေါင်းဆောင်များ ပေါ်ထွက်ရေးကို အဟန့်အတားဖြစ်စေသည်ဟု ယခုလထုတ် မြန်မာတိုင်းမ်းစာစောင်တွင် ဖော်ပြထားသည်။ ၂၀၁၅ ရွေးကောက်ပွဲကာလတွင် ဒေါ်အောင်ဆန်းစုကြည်သည် အသက် ၇၀ တန်းသို့ ရောက်ရှိနေပေလိမ့်မည်။

သို့သော်လည်း ယခုလို ဒေါ်အောင်ဆန်းစုကြည်အား အပြစ်တင်မှုသည် အမှန်တကယ်၌ အားရစရာ မကောင်းသော   မြန်မာအစိုးရ၏ လုပ်ပုံကိုင်ပုံများကို မဝေဖန်ရဲသောကြောင့် လေဒီအပေါ်အပြစ်လှည့်ပုံချလို သည့် နိုင်ငံရေး သမား အချို့၏ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုသာဖြစ်သည်ဟု နိုင်ငံရေး အကဲခတ်အချို့ကဆိုသည်။

“ဂုရုကြီးဦးသန်းရွှေ ချယ်လှယ်နေတဲ့ မြန်မာ့နိုင်ငံရေးကစားပွဲကို အကောင်းမြင်သမားတွေရဲ့ အယူအဆဖြစ်တဲ့ လုံးဝပူးပေါင်းဆောင်ရွက်ခြင်းဆိုတဲ့ လှေကြီးထိုး ကစားကွက်တစ်ခုထဲနဲ့ ယှဉ်ပြိုင်ကစားလို့မရပါဘူး။ ဖာဂူဆန်လို အကွက်စုံတဲ့ ဦးသန်းရွှေကို ယှဉ်ပြိုင်ဖို့အတွက် မော်ရင်ဟိုလိုနည်းဗျူဟာ စုံလင်ရပါလိမ့်မယ်။

 ဒေါ်အောင်ဆန်းစုကြည်ရဲ့ခြေလှမ်းတွေဟာ ဒီကနေ့အထိ အမှားအယွင်းမရှိပါဘူး”ဟု မြန်မာ့နိုင်ငံရေးလေ့လာ သူအချို့က သုံးသပ် ပြောကြားသည်။

၁၉၈၉ ခုနှစ်မှစ၍အာဏာသိမ်းထားခဲ့သော တပ်မတော်အစိုးရကို ၂၀၁၁ နှစ်ဆန်းတွင် အရပ်ဖက်အစိုးရအဖြစ် အသွင်ပြောင်းပြီးနောက် မြန်မာနိုင်ငံတွင် ဒီမိုကရေစီကူးပြောင်းမှုများ စတင်ပြုလုပ်ခဲ့သည်။

အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လည်း သူမ၏လုပ်ဖော်ကိုင်ဖက် ပါတီဝင် ၄၀ ကျော်နှင့်အတူ ဧပြီလရွေးကောက်ပွဲတွင် အနိုင်ရရှိကာ လွှတ်တော်သို့ရောက်ရှိလာခဲ့သည်။

ဧပြီရွေးကောက်ပွဲနှင့် သူမ၏ ဇွန်လဥရောပခရီးစဉ်အပြီးတွင် မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှုအချို့ သိသိ သာသာဖြေလျော့ပေးသည့် ဝါရှင်တန်၏ ဆုံးဖြတ်ချက်ထွက်ပေါ်လာသည်။ ဂရုတစိုက်စီစဉ် ထားသော ဖြစ်စဉ် များအဖြစ် အမေရိကန်နှင့် နိုင်ငံခြားရေးဝန်ကြီးဟီလာရီကလင်တန်သည် ကမ္ဘောဒီးယားတွင် သမ္မတ ဦးသိန်းစိန်နှင့်   တွေ့ဆုံဆွေးနွေးခဲ့ပြီး၊ အမေရိကန်ကုမ္ပဏီများ ကိုယ်စားလှယ်အဖွဲ့ကလည်း စီးပွားရေးဆွေးနွေးရန် မြန်မာနိုင်ငံသို့ သွားရောက်ခဲ့ကြသည်။

သို့သော်လည်း နေရာတကာတွင် တပ်မတော်အစိုးရယန္တရား စိမ့်ဝင်ပျံ့နှံ့နေသည်ဟူသော အသိအာရုံကို အစိုးရ အာဘော်သတင်းစာ New Light of Myanmar ပါ ဆောင်းပါးတစ်ပုဒ်က ဖော်ထုတ်လိုက်သည်။   ဆောင်းပါး ရှင်ဦးဥာဏ်လင်းဆိုသူက ရုပ်ရှင်ရုံများ၌နိုင်ငံတော်အလံကို အလေးမပြုတော့သည့်ကိစ္စကို မယောင်ရာဆီ လူး   မေးခွန်းထုတ်ထားသည်။ ရုပ်ရှင်ရုံများ၌ ပရိတ်သတ်များက နိုင်ငံတော်အလံကို အလေးမပြုတော့သည့်ကိစ္စကို ကုစားရန် အစီအစဉ်မရှိတော့ဘူးလားဟု ဆောင်ပါးရှင်က မေးမြန်းထားသည်။

အရင်တုန်းကတော့ နိုင်ငံတော်အလံကို အလေးမပြုတဲ့သူတွေကိုရှာဖို့အတွက် ရုပ်ရှင်ရုံတွေမှာ ရဲတွေကို တာဝန်ပေး ထားတယ်။ ဒီလိုလူတွေကို ရုပ်ရှင်ရုံထဲကနေထွက်ခိုင်းပြီး ဒဏ်ငွေတပ်ရိုက်တယ်ဟု ယင်းဆောင်းပါးက ဆိုသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ပြည်ထဲရေးဝန်ကြီးဌာနက ၎င်းအပြုအမူမျိုးကို သည်းခံတော့မည်မဟုတ်ဟု အမိန့်များ ထုတ်ပြန်ထားသည်။ မြင်နိုင်သော ဒေသများတွင် သတိပေးဆိုင်းဘုတ်များချိတ်ဆွဲကာ အသံချဲ့စက်ဖြင့် သတိပေးနှိုးဆော်မှုများ ပြုလုပ်သည်။ ထို့အပြင် နိုင်ငံတော်အလံကိုအလေးပြုဖို့ တိုက်တွန်းရန် ဝန်ထမ်းများခန့်ထား ရ မည်ဟု ရုပ်ရှင်ရုံပိုင်ရှင်များကို ဖိအားပေးလျက်ရှိသည်။

အဆိုပါ မြောက်ကိုရီးယားပုံစံအပြုအမူမျိုးသည် အနောက်ကမ္ဘာ၌ လက်ရှိပေါ်ထွက်နေသော မြန်မာနိုင်ငံပုံရိပ်နှင့် လုံးဝဆန့်ကျင်ဖက် လွဲချော် နေသည်။

ခင်ဗျားနဲ့ NLD လုပ်ဖော်ကိုင်ဖက်တွေအနေနဲ့ အနာဂါတ်ကိုအကောင်းမြင်သလားဟု မေးမြန်းသောအခါ ဦးသိန်းဝမ်းမောင်က“အကောင်းမြင်တယ်လို့တော့မရှိပါဘူး။ အရမ်းစိုးရိမ်တာပဲရှိပါတယ်။ Sanctions တွေရုတ်သိမ်းတာဟာ မြန်ဆန်လွန်းအားကြီးပြီး၊ မြန်မာအစိုးရရဲ့လက်ထဲမှာ ကစားခံနေရပါတယ်။ သူတို့(အစိုးရ)က ရင်းနှီးမြှုပ်နှံမှုတွေကို လိုချင်ပေမယ့်၊ အပြောင်းအလဲတွေဟာ တကယ့် ဒီမိုကရေစီနဲ့ လူ့အခွင့် အရေး ကို ဦးတည်သွားနေတယ်ဆိုတဲ့ အာမခံချက်တွေမရှိပါဘူး”ဟု ပြောကြားသည်။

အမေရိကန်ပြည်ထောင်စုသည် တင်းကြပ်သောစည်းကမ်းများချမှတ်ရန် ပျက်ကွက်နေကြောင်း Human Rights Watch အုပ်စုက ပြစ်တင်ဝေဖန်လိုက်ပြီး၊ Burma Campaign UK ကလည်း ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်း မက်လုံး များကြောင့် လူ့အခွင့်အရေးပြဿနာများကို ဖော်ထုတ်မှုနည်းသွားပြီး၊ ချီးမွမ်းသံတွေ ကျယ်လောင်လာ သည်ဟု ခနဲ့လိုက်သည်။

ဧပြီလတွင် အီးယူက Sanctions များဖြေလျော့ဆိုင်းငံ့ပေးပြီးနောက်တွင် Rolls Royce၊ BP British Gas Ernst &Young စသော ဗြိတိသျှကုမ္ပဏီများ ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့သည်။

သတိကြီးကြီးထားကြဖို့ တိုက်တွန်းသော ဦးသိန်းဝမ်းမောင်က မြန်မာအစိုးရအပေါ် တုံးတိတိမှတ်ချက်ပေး ပြောဆိုသည်။

“၂၀၁၅ မှာ ဒီမိုကရေစီပါတီတွေ အနိုင်ရသွားရင် သူတို့အစိုးရဖွဲ့ခွင့် ရမှာမဟုတ်ပါဘူး”

တိုးတက်သယောင်နှင့် မရေမရာဖြစ်နေသော မြန်မာ့နိုင်ငံရေးအခြေအနေကြောင့် ဒေါ်အောင်ဆန်းစုကြည်အပေါ် မျှော်လင့်ချက်များ

စွာထားမှုအပေါ် ယခင် အခိုင်အမာထောက်ခံသူများကပင် စိုးရိမ်လာကြသည်။ မဲဆောက် မြန်မာအသိုင်းအဝိုင်းမှ မယ်တော်ဆေးခန်း ထူထောင်သူ ဒေါက်တာစင်သီယာမောင်က “အထူးသဖြင့် အနောက်နိုင်ငံတွေက ဒေါ်စုအပေါ်မှာ မျှော်လင့်ချက် ကြီးကြီးမားမားစုပုံထားနေကြပါတယ်။ တစ်စုံတစ်ယောက်ကို ဝန်ထုပ်ဝန်ပိုး ထမ်းခိုင်းတာ များလွန်းနေပါတယ်” ဟု ပြောကြားသည်။

အမည်အဖော်လိုသော ပြည်တွင်းမှနိုင်ငံရေးအကဲခတ်တစ်ဦးကမူ “ဒီမိုကရေစီအုပ်စုတွေ အခုချိန်မှာ မစည်းလုံးဘူး ဆိုရင် နွားကွဲပြီး ကျားဆွဲ သွားလိမ့်မယ်”ဟု သတိပေးပြောဆိုသည်။

http://www.scotsman.com/news/international/burma-s-military-still-in-control-1-2438664 Yangonchronicle

0 comments:

Post a Comment

Social Icons

About

Search