ပခုက္ကူ ခရိုင် မြိုင်မြို့ နယ် အတွင်း မိုးခေါင်ရေရှားမှု ဒါဏ်ခံနေရသော ကျေးရွာများ နှင့် ပတ်သက်ပြီး လူထုသို့ ပန်ကြား အသိပေးချက်။

on Monday, July 30, 2012

မြန်မာ့လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ယက်မှ တာဝန်သိသူ ကိုနေမျိုးဇင် နှင့် ကိုခင်ကျော်တို့သည် ဇူလိုင်လ ၂၇ မှ ဇူလိုင်လ ၃၀ ရက်ထိ သုံးရက်ကြာ လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ချက် များ အဖြစ် ပခုက္ကူ ခရိုင်   မြိုင်မြို့နယ် သို့ သွားရောက်ခဲ့ပါသည်။

မိမိတို့ ကွန်ယက်နှင့် ချိတ်ဆက်ထားသော ပရဟိတ လူမှုအဖွဲ့ငယ်များ၊ နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများ ဆက်သွယ် ဖိတ်ခေါ်ချက် အရ မိုးခေါင်ရေရှားဒါဏ် ခံနေရသည့် ထိုရွာများထိ ကွင်းဆင်းလေ့လာကူညီခဲ့ပါသည်။

ပခုက္ကူ ခရိုင် မြိုင်မြို့နယ်အတွင်းရှိ နှမ်းစားကျင်း၊ သံဘိုကြီးကျေးရွာ၊ ဒါန်းပင်ကန် ကျေးရွာ။ တဲကြီးကျေးရွာ နှင့် ဆယ်စွယ်ကျော် ရွာ တို့ တွင် သောက်ရေရှားပါးမှု ဒါဏ်ကို စတင်ခံစားတွေ့ကြုံနေရပြီး၊ ဒေသ တခုလုံး အနေဖြင့် နှစ်ပေါင်း သုံးဆယ်ခန့်အတွင်း အဆိုးဆုံးဟု ဆိုနိုင်မည့် မိုးခေါင်ရေရှားမှုဒါဏ်ကို ခံစားနေရပြီဖြစ်သည်။

မိမိတို့ သွားလေရာ နေရာ အနှံ ယာခင်းများတွင် မြေပြောင်များနှင့် သေလု ဆဲ ပြောင်းခင်းများ၊ နှမ်းပင် ခြောက် များ၊ မြေပဲပင် ကြုံလှီလှီများသာ တွေ့ရသည်။ မိုး လုံးဝ မရွာသေးပါ။ ရွာလျှင်လည်း ခပ်ဖွဲဖွဲ ခနသာ ရွာတတ် သည်ဟု ဆိုပါသည်။

ဒေသခံ တောင်သူတို့မှာ လည်း အစာရေစာ ၀၀လင်လင် မစားနိုင်သည့်နှယ် အားလုံးနီးပါးသော တောင်သူတို့မှာ ပိန်လှီခြောက်ကပ်နေကြရှာပါသည်။ ယာတောများ ခြောက်ကပ်နေသကဲ့သို့ သူတို့ တောင်သူများလည်း မစိုပြေရှာ။
မိုးခေါင်မှု ဒါဏ်သည် သောက်ရေ တွင်းများ ကန်များ ခြောက်ခန်းမှုကို အလျှင်အမြန် ဖြစ်ပေါ်လာစေခဲ့သည်။ အချို့ရွာများဆိုလျှင် ရေတစည်ရဖို့ရန် နှစ်မိုင် ၊ သုံးမိုင် အကွာ အထိ ခြေလျှင် ၊ လှည်း၊ စက်ဘီးတို့ဖြင့် ခပ်နေကြရပေပြီ။

ရွာအချို့တွင်မူ ယခင် မဆလ အစိုးရခေတ်က တူးဖေါ်ပေးထားခဲ့ဖူးသော စက်ရေတွင်း လွန်တွင်းများဖြင့် အသက်ဆက်နေကြရပြီး၊ များသော အားဖြင့် နှစ်ပေါင်း လေးဆယ်မှ ငါးဆယ်ထိကြာမြင့်ခဲ့သည့် ထို အ၀ီစိ စက်ရေတွင်းများမှာ ပျက်စီးနေသည်က များပါသည်။

ရွာသားများက ကိုယ်ထူကိုယ် ထ အစီအစဉ်များဖြင့် ခါတိုင်းနှစ်များတွင် အနီးဆုံး၊ လျှို၊ မြောင်၊ စိမ့်စမ်းနှင့် စမ်းချောင်းငယ် လက်ယက်တွင်းများမှ ကြံဖန်ပြီး သောက်ရေကို ရှာဖွေသောက်သုံးခဲ့ကြပါသည်။ သို့သော် ယခု နှစ်တွင်မူ မိုးခေါင်သောကြောင့် စမ်းချောင်း၊ ဆည်မြောင်းချောင်းငယ်တို့ စောစီးစွာခမ်းခြောက်ကုန်ကြသည်။ အချို့စီးပွားရေးသမားတို့က စမ်းရေကို ရေစုပ်ပန့်များဖြင့် ပိုက်သွယ်တန်းကာ တမိုင် နှစ်မိုင် အကွာရှိ ရွာများဆီသို့ သွယ်ပို့ကာ ရေတစည်လျှင် သုံးရာကျပ် ၊ နှစ်ရာကျပ်တို့ဖြင့် ရောင်းချသည်၊ အချို့ရွာများတွင် ဈေးနှုန်းသက်သာသော်လည်း ၊ အချို့ရွာတွင် ဈေးကြီးသည်။
လွန်စွာ ၀မ်းနည်းဖွယ်ကောင်းသည်မှာ ယာခင်းများပျက်၊ အလုပ်အကိုင် မဲ့နေသော ရွာသူ ရွာသား မိသားစု အများစုမှာ ၀င်ငွေ မဲ့နေသောကြောင့် ထိုစီးပွားရေး သမားများ ရောင်းချသည့် သောက် ရေ တစည်ကို ကျပ် နှစ်ရာ သော တန်ဖိုးမျှကို ပင် သူတို့ ၀ယ်မသုံး။ ၀ယ်မသောက်နိုင်ရှာလောက်အောင် ဆင်းရဲ နေကြခြင်းပင်။

လွန်ခဲ့သော နှစ်ငါးဆယ်ခန့်က တူးခဲ့သော စက်ရေတွင်းများမှာ ပျက်စီးယိုယွင်းလျှက် ရေမထွက်တော့သည်က များသည်။ နအဖ စစ်အစိုးရ လက်ထက်တွင် ကျေးလက်ရေရရှိရေးနှင့် ပတ်သက်ပြီး စနစ်တကျ စေတနာရှိရှိ လုပ်ကိုင်ခဲ့ခြင်းအား မတွေ့ရပါ။

စနစ်ဧ။် ဆိုးမွေများ အနက် ယခု အမွေသည် လတ်တလောဖြေရှင်းရမည့် အမျိုးသားရေး ပြသနာကြီးတခုဖြစ်သည်။ မိုးခေါင်ခြင်း၊ ရာသီဥတုဖေါက်ပြန်ခြင်းများဖြင့် တိုင်းပြည် ပျက်စီးသည် အထိပင်ဖြစ်လာနိုင်ပေသည်။

မိမိတို့ လူမှုကွန်ယက်က သက်ဆိုင်ရာ မြိုင်မြို့ ရေအရင်းအမြစ် ဦးစီးဌာန စည်ပင်မှ ဦးစီးအရာရှိနှင့် သွားရောက်တွေ့ဆုံ ညှိနှိုင်းပြီး တောနယ်ကျေးလက်ရွာများ အတွက် အစိုးရဖွံ့ဖြိုးမှု စီမံကိန်းများ အကြောင်းကို မေးမြန်းခဲ့သည်။ နောက်ဆုံး မိမိတို့ သိရှိရသည့်အဖြေမှာ ဘတ်ဂျက် ငွေကြေးခေါ် အစိုးရ ချမှတ်ပေးသော  ငွေနှင့် ကျေးရွာများမှ လိုအပ်နေသော စက်ရေတွင်း တူးကုန်ကျစရိတ်များ ဘယ်လိုမှ မကာမိအောင် ကွာခြားလွန်းနေခြင်းပင်ဖြစ်သည်။ ရွာပေါင်း သုံးရာကျော်ရှိသည့် ဒေသကြီးတခုလုံး အတွင်း တနှစ်ရရှိနိုင်သည့် ပျမ်းမျှ ဘတ်ဂျက် ငွေမှာ ခေတ်ပေါက်ဈေး ကုန်ကျစရိတ်များကြောင့် ကြီးမြင့်နေသည့် စက်ရေတွင်း တစ်တွင်း ကုန်ကျစရိတ်မျှသာ ရရှိလေရာ ၊ တနှစ်မှ တကယ်တမ်း တူးပေးနိုင်လျှင် တတွင်းသာဖြစ်သောကြောင့်  .................................။
လူထု အခက်အခဲကို လူထုကသာ ဖြေရှင်းရမြဲ ထုံးစံအတိုင်း မိမိတို့သည်ဒေသခံ ပြည်သူလူထု အခက်အခဲအတွက် တတ်စွမ်းသရွေ့ ကူညီဖြေရှင်းရန်ကြိုးပမ်းခဲ့ပါသည်။
သက်ဆိုင်ရာ ရေအရင်းအမြစ် ဌာနမှ ပျက်စီးနေသော တွင်း ကို ပြင်ဆင် စရိတ်အဖြစ် ငါးသိန်းမှ အထက် ကုန်ကျငွေကို ကျေးရွာမှ ကျခံလျှင် ပြင်ပေးမည် ဆိုသောကြောင့် နွမ်းပါးသော ကျေးရွာသားများ အတွက် မတည် ငွေ အဖြစ် မိမိတို့ မြန်မာ့လူမှုဘ၀ ဖွံဖြိုးတိုးတက်ရေး ကွန်ယက်  (MSDN) က စုစုပေါင်း ကျပ်သိန်း နှစ်ဆယ်ကို ကနဦး မ တည်လှူဒါန်းငွေ အဖြစ် လှူဒါန်းခဲ့ပါသည်။ ယခု ရက်ပိုင်းအတွင်း မြိုင်မြို့နယ် သံဘိုကြီး ကျေးရွာမှ နှစ် လေးဆယ်ကျော်ကြာ ခဲ့ပြီး ပျက်စီးနေသည်မှာ ဆယ်နှစ်ခန့်ရှိသည့် စက်ရေတွင်းဟောင်းကြီးကို ပြီးစီးကောင်းမွန်သည့်တိုင် ပြင်ဆင်ပေးရန် ရပ်ရွာမှ လူကြီးများ၊နှင့်  လူမှုပရဟိတ အကျိုးပြုနေသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် နိုင်ငံရေး ပါတီမှ တာဝန်ရှိသူများ အားလုံးရှေ့မှောက်တွင် တာဝန်ခွဲဝေကာ  အကောင်အထည် ဖေါ် စတင်ထမ်းဆောင်ခဲ့ကြပါသည်။

သံဘိုကြီးကျေးရွာတွင် အမြန်ဆုံး ရေစက်တွင်း ပြန်ပြင်နိုင်မည်ဖြစ်သော်လည်း သောက်ရေချို အဆင့် ရမည် မရမည်ကား မသေချာသေးပါ။ သို့သော်လည်း အရေးပေါ် လိုအပ်နေသည့် သုံးရေနှင့် ကျွဲနွားသောက်ရေ အမြန်ဆုံး ၇ရှိရန် စက်ရေတွင်းကို ပြင်ဆင်ရင်း ။
တဖက်ကလည်း တမိုင်ခန့် ကွာဝေးသော စိမ့်ရေလက်ယက်တွင်းများမှ တဖြည်းဖြည်း စိမ့်ထွက်သောက်ရေအား ညလုံးပေါက် စုဆောင်းကာ နေ့ခင်းပိုင်းတွင်  ရွာဆီသို့ ရေစုပ်ပန့်များဖြင့် မောင်းတင်နိုင်ရန်၊  ပိုက်များဖြင့် သွယ်ယူ ပေးပို့နိုင်ရေးကို လည်း စီစဉ် စဉ်းစားလျှက် ရှိပါသည်။
ထိုသို့ စိမ့်ရေတွင်း လက်ယက်တူးဖေါ်ထားသော ရေတွင်းငယ်မှ  တမိုင်ခန့်ဝေးသော ရွာဆီသို့ ပို့ဆောင်နိုင်ရန် စုစုပေါင်း ရေပိုက် အရှည် ပေ ၂၇၀၀ နှင့် ရေစုပ်ပန့် အင်ဂျင်တို့ လိုအပ်နေပါသည်။ ကုန်ကျငွေ ခန့်မှန်း ကျပ်သိန်း ၂၈ သိန်းခန့် ကုန်ကျမည့် ထို အစီအစဉ်ကို အမြန်ဆုံး အကောင်အထည်ဖေါ်နိုင်လျှင် ရွာသူရွာသားတို့မှာ ရေတစည်လျှင် ကျပ် တရာခန့်ဖြင့် နွေမိုးဆောင်း မပြတ် ရေမငတ်တော့ပဲ သောက်ရေကို ရရှိတော့မည်ဖြစ်သည်။ အလားတူ ထိုကဲ့သို့ စိမ့်မြောင်းချောင်းငယ်များမှ ရေကိုသွယ်ယူပေးပို့မှ အဆင်ပြေမည့် ရွာငယ်လေးရွာခန့် ကျန်ရှိနေပါသည်။

မှီခိုနေသော ထိုရွာမှ လူဦးရေ ထောင် ဂဏန်း အရေအတွက်အား လုံလောက်သော သောက်ရေ သုံးရေများ အမြန်ဆုံး ရရှိနိုင်ရေး အများပြည်သူ တို့ အကူ အညီ ပံ့ပိုးလှူဒါန်းမှုများ လိုအပ်နေပါသည်။

တဲကြီးရွာ၊ ဒါန်းပင်ကန် ကျေးရွာ၊ ကျော်ရွာ၊ ကိုင်းတောမ ကျေးရွာ တို့တွင်လည်း စက်ရေတွင်းများ တူးဖေါ်လှူဒါန်းပေးနိုင်မည် ဆိုပါက အလွန်ပင် သင့်တော်ပေလိမ့်မည်။
တဲကြီးရွာမ တွင်ကား စက်ရေတွင်း တူးဖေါ်ရန် မည်သို့မျှ မဖြစ်နိုင်တော့ပါ။ ပေပေါင်း ၁၀၀၀ ခန့်ထိ တူးဖေါ် စမ်းသပ်ပြိးသော်လည်း ရေချိုမရသော်ကြောင့် ထိုရွာတွင် သောက်သုံးရေကန်ကြီးအား ပိုမို ကျယ်ပြန့် အနက်ရရှိအောင် တူးဖေါ် လှူဒါန်းပေးမှ ရမည်ဖြစ်သည်။ ကန်တကန် အနက် အကျယ် လုံလောက်အောင်ထိ ကျပ်သိန်း ၁၀၀ ကျော်ခန့် အနည်းဆုံး ကုန်ကျနိုင်ပေရာ ရွာသားများ သီးသန့် အားဖြင့် ဘယ်လိုမှ တတ်နိုင်ဖွယ် မရှိပါ။ ပြည်သူအများ ၀ိုင်းဝန်းကူညီမှ ရနိုင်ပေတော့မည်။

ရေအရင်းအမြစ် ဦးစီးအရာရှိ အဆိုအရ ထိုဒေသတွင် စက်ရေတွင်း တတွင်း တူးဖေါ်ကုန်ကျစရိတ်မှာ အနည်းဆုံး ကျပ်သိန်း ၁၅၀ နှင့် အထက် ရှိသည်ဟု သိရပါသည်။ ရေချို ရမည် မရမည် တပ်အပ် မပြောနိုင်သော ထိုဒေသတွင်   ခြောက်လက်မ အကျယ် လွန်သွားများဖြင့် ရေစုပ်တွင်းများကို ပေ ၆၀၀ မှ အထက် တူးဖေါ်ရာတွင် ခေတ်မှီ စက်ယနယားကြီးများဖြင့်သာ အစိုးရ ဌာနများ နှင့် တောင်းခံ လျောက်ထားပြီးမှ တူးဖေါ်နိုင်သည်ဟု ဆိုသည်။ လက်တူးသမားများ တူးဖေါ်ရန် ခက်ခဲလွန်းသည်ဟု သိရပါသည်။ အလှူရှင်များ လှူဒါန်းမှသာ ထိုရွာများတွင် စက်ရေတွင်းများ တူးဖေါ်လာနိုင်လိမ့်မည် ။ စေတနာရှင်များ ပေးပို့သော တတ်နိုင်သည့် အလှူ အကူများကို တိုက်ရိုက်ပေးပို့ဆက်သွယ်လှူဒါန်းနိုင်ကြပါသည်။  မိမိတို့ ကွန်ယက်မှ တဆင့် ပေးပို့ပါကလည်း ဆက်လက် ပို့ဆောင် ဆက်သွယ် လှူဒါန်းပေးမည်ဖြစ်သည်။

ဖြစ်နေသော ဖြစ်စဉ်များ၊ မြင်ခဲ့ရသော မြင်ကွင်းများ အရ ယခုနှစ် မိုးခေါင်ခြင်း၊ ယမန်နှစ်က ရေကြီးခြင်း တို့သည် ပြုတ်ပြုန်းတောင်ကတုံး တောင်ကုန်းများ သစ်ပင်ကင်းမဲ့သော လွင်ပြင်များ ကြောင့် ဖြစ်သည်ဟု တပ်အပ် ပြောနိုင်ပါသည် ။ ယခုလောက် မိုးခေါင်နေသည့်တိုင် သစ်လုံးတင်ကားကြီးများကလည်း မပြတ်သေးပါ။ သစ်ပင်တို့ ခုတ်မြဲ ခုတ်ဆဲဖြစ်သည်ကို ၀မ်းနည်း စဖွယ်တွေ့ခဲ့ရသည်။

မြိုင်နယ်သားတို့ ကိုယ်စား ကျနော့် ရင်တွင် မချိတင်ကဲ့ဖြစ်မိသည်မှာ သစ်လုံးတင်ကားကြီးတစီး မြင်လိုက်တိုင်း ကျနော်တို့ မွေးရပ်မြေ ကျနော်တို့ နိုင်ငံကို ယခုမြိုင်ကဲ့သို့ ဒေသကြီးများကို သဲကန္တာရ ကြီးများ လူသူကင်းမဲ့သော နေပူဖုန်ထူ ကန္တာရကြီးများ ဖြစ်အောင် လုပ်နေသည့် အဓိက ပြည်ဖျက် တရားခံကြီးများ အဖြစ် ခံစားမိခြင်းပင်ဖြစ်သည်။

သစ်လုံးတင်ကားကြီးများက တအိအိ သွားနေဆဲ၊ နွေကဲ့သို့ပူပြင်းသော မိုးနေ ကလည်း ၊ မိုးခေါင်သည်မို့ အားရပါးရ ပူနေသည်လား မသိ၊ သစ်ပင်ကြီးများတွင် သစ်ရွက်တို့ ညိုးလျှက်။ ယာတောတို့တွင်လည်း ပြောင်း၊ နှမ်း၊ မြေပဲ ပင်တို့သည် အတုန်းအရုန်း သေ ညိုး၊ များစွာသော မြေတို့တွင် တံလျှပ်သည်သာ မင်းမူကာ မြေပြောင်သလင်း တို့တွင် လူသူကင်းလျှက်။

အမြန်ဆုံး ပြင်၊ သစ်တောတွေ အမြန်ဆုံး ပြန်စိုက်။ သဘာဝကို အမြန်ဆုံး ပြန်လည် ပြုစု ပျိုးထောင်ခြင်း မပြုလျှင် ရာသိဥတုသည် တနှစ်ထက် တနှစ် ပိုပို ဆိုးလာဖွယ်သာ ရှိသည်။

မိမိတို့ မြန်မာ့လူမှု ဘ၀ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ယက်သည် ရေတွင်း ၊ ရေကန်၊ေ၇ပိုက် လှူနေယုံဖြင့် ယခု ဖြစ်ပွားနေသော ဒေသတခွင် စိုးထိတ်ဖွယ် ပြသနာကြီးများ ပြေလည်နိုင်မည် မဟုတ်ကြောင်း အလေးအနက် နားလည် သိမြင်သောကြောင့် ပခုက္ကူနှင့် မြိုင်မြို့ရှိ လူငယ်များအား တွေ့ဆုံဟောပြောခြင်းများ ပြုလုပ်ကာ၊ ဖြစ်စဉ် အရင်းအမြစ်၊ ပြသနာကြောင့် ဖြစ်ပွားနေခြင်းများ၊ ရေရှည်ဖြစ်ပေါ်လာမည့် နောက်ဆက်တွဲပြသနာများ အကြောင်း အလေးအနက် ကျယ်ကျယ်ပြန့်ပြန့် ဟောပြောဆွေးနွေးခဲ့ပြီး ဒေသ ခံလူငယ်များအား သစ်ပင်စိုက်ပွဲကြီးများ အကြီးအကျယ် ကျင်းပရေး။ ကျေးလက်လူထု အတွက် သစ်အစားထိုးလောင်စာနှင့် သစ်ပင်ခုတ်မှုများ လျော့နည်း ပပျောက်သွားရေး မဟာစီမံချက်များ ချမှတ်ကာ အတူပူးပေါင်း လုပ်ဆောင်သွားရန် စည်းရုံးခဲ့ပါသည်။ ဒေသ ခံ လူငယ်ထုကလည်း အားတက်သရော လုပ်ဆောင်ရန် ကတိ ပြုခဲ့ပါသည်။

မိမိတို့ ကြိုးစားကြပါမည်။ တာဝန် ရှိသောသူများ၊ တာဝန်သိ သောသူများ၊ မြန်မာပြည်ကို ပျောက်ကွယ် မသွားစေလိုသော သူများ၊ နောင်သားစဉ်မြေးဆက် အထိ အမိမြေကို တည်တံ့စေလိုသူများ ကို မျက်စိတဆုံး အရှည်မျော်မြင်သည့် တွေးဆမှုများဖြင့် မြန်မာပြည် အလယ်ပိုင်း ဒေသကြီးကို သဲကန္တာရ ဖြစ်မသွားစေရေး မိမိတို့နှင့်အတူ ၀ိုင်းဝန်းပူးပေါင်း ကယ်တင်ကူညီနိုင်ပါရန် အလေးအနက် ဖိတ်ခေါ်ပါသည်။ ငွေကြေး အကူအညီ၊ နည်းပညာ လုပ်အား အကူအညီ၊ စေတနာဖြင့် လှူဒါန်းခြင်းများ အမြန်လိုအပ်နေပါသည်။

သစ်ပင် စိုက်ပွဲကြီးများ လုပ်ဆောင်ရန် လိုအပ်နေသကဲ့သို့ ဒေသတွင်း ပြည်သူလူထု အတွက် ထင်းအစားထိုး လောင်စာ။ သဘာဝဓါတ်ငွေ့၊ အခြားနည်းလမ်းများ အမြန်ဆုံး ရရှိစေရေး အစိုးရအဖွဲ့အစည်းများနှင့် အတူ ပူးပေါင်း ဆောင်ရွက်မှ ရပါလိမ့်မည်။

ထိုဒေသမှ ထွက်ရှိသော သစ်များကို နည်းအမျိုးမျိုးဖြင့် ရယူသုံးစွဲရောင်းချကာ အလွန်ချမ်းသာ ကြွယ်ဝနေသော လူများအားလည်း ကိုယ်ချင်းစာစိတ်ဖြင့် ပြန်လည် ထောက်ကူကယ်ဆယ်ပေးပါရန် မေတ္တာ ရပ်ခံပါသည်။ ပြည်သူလူထု ပြည်တွင်းပြည်ပမှ မြန်မာများ ဧ။် ၀ိုင်းဝန်းပူးပေါင်း ကူညီမှုဖြင့် အမိနိုင်ငံအား ကယ်တင်နိုင်ကြပါရန် တိုက်တွန်းအပ်ပါသည်။

ပည်သူလူထုမှ ပေးအပ်သော မည်သည့် တာဝန်ကို မဆို ရိုးသားရဲရင့်စွာဖြင့် ထမ်းဆောင်ရန် မိမိတို့ မြန်မာ့လူမှုဘ၀ဖွံ့ဖြိုးတိုးတက်ရေး ကွန်ယက်မှ လူငယ်များက အသင့်ရှိနေပါသည်။

ပြည်သူလူထု အနေဖြင့် မြိုင်ဒေသ အထိ ကိုယ်တိုင်သွားရောက်ပြီး လိုအပ်သည့် အကူအလှူ ပံ့ပိုးမှုများ ပြုနိုင်ပါသည်။

ထို လုပ်ငန်းရှင်ကြီးများ သစ်သူဌေးကြီးများ၊ အကျင့်ပျက် လာဒ်စား သစ်တော ၀န်ထမ်းများ တို့ မဆင်မခြင် သစ်တောများ ခုတ်ထွင်ရောင်းချခဲ့ မှုနောက်ဆက်တွဲအဖြစ်  တောင်ပြုန်းတောပြုန်း၊ မိုးခေါင်ရေရှား၊ လူများစွာ ရေငတ်၊ မြေအောက်ရေခန်းခြောက်၊ ချောင်းမြောင်းများ တိမ်ကော၊ သဘာဝ သယံဇာတများ ပျက်ဆီး နည်းအမျိုးမျိုးဖြင့် ယိုယွင်းနေခြင်းအား မိမိတို့တာဝန်ရှိမှန်း သိသိလျှက် လက်လွတ်စပယ် လစ်လျှူရှုနေကြမည် ဆိုပါလျှင် သံသရာသည် မြန်မကြာ သင်တို့ထံ တန်ပြန်  မသက်ရောက်ပါစေနှင့် ဟု သာ....

by Nay Myo Zin 

0 comments:

Post a Comment

Social Icons

About

Search