ဝှက်ဖဲတချပ်ထက် ပိုတဲ့ စိတ်စေတနာ

on Wednesday, August 1, 2012

by Aung Moe Win on Thursday, August 2, 2012 at 11:24am ·
အစ္စလာမ်စစ်သွေးကြွတွေရဲ့ အန္တရာယ်ကို နေရာအနှံ့မှာ တွေ့နေရတယ်။ အာဖရိကအနောက်ဖက်မှာတည်ရှိတဲ့ မာလီနိုင်ငံရဲ့ နိုင်ငံရေးအကြပ်အတည်းကို နိုင်ငံခြားရေးရှုထောင့်အမြင် နဲ့ ပြည်တွင်း နိုင်ငံရေးအမြင် နှစ်ခုကနေ သုံးသပ်ကြည့်မယ်။
နိုင်ငံခြားရေးအမြင်

လစ်ဗျားခေါင်းဆောင် ကဒါဖီကို ဖြုတ်ချပစ်နိုင်ခဲ့တယ်။ ဒါပေမဲ့ အဲ့ဒီဒေသတွေမှာ ဆိုးကျိုးတွေကိုလည်း ရင်ဆိုင်နေရတယ်။ ကဒါဖီထောက်ပံ့ပေးခဲ့တဲ့ လူမျိုးစုတွေဟာ အနောက်အုပ်စုရဲ့ လွှမ်းမိုးစွက်ဖက်မှုတွေကို ငြင်းဆန်အန်တုခဲ့တယ်။ ဒေသတွင်းဆိုင်ရာ အားပြိုင်မှုတွေ၊ ပြည်တွင်းစစ်ပွဲတွေ စတင်ခဲ့တယ်။ အခြေအနေတွေက ပိုမို ရှုပ်ထွေးလို့လာခဲ့တယ်။
ပြည်တွင်းရေးရာမူဝါဒ ဆိုင်ရာအမြင်

နိုင်ငံတကာမှာဖြစ်ပေါ်နေတဲ့ အစ္စလာမ်စစ်သွေးကြွတွေရဲ့ ခွဲထွက်မှု၊ အကြမ်းဖက်မှုတွေကို မြင်တွေ့ရပြီးတဲ့နောက်မှာ မြန်မာအစိုးရအနေနဲ့ လေးလေးနက်နက်လုပ်ကိုင်ရမဲ့ အရာတခုရှိတယ်။ အဲ့ဒါကတော့ တိုင်းရင်းသားပြဿနာကို ဖြေရှင်းရပါလိမ့်မယ်။ တိုင်းရင်းသားတွေရဲ့ တန်းတူခံစားပိုင်ခွင့်၊ လွတ်လပ်ခွင့်တွေကို လုပ်ဆောင်ရင်း၊ သူတို့ဘဝတွေရဲ့ လုံခြုံရေးတွေ၊ နိုင်ငံခြားသားတွေရဲ့ ကျူးကျော်မှုတွေကို ခုခံတားဆီးဖို့လိုတယ်။ ရိုလင်ဂျာအရေးကို ကစားစရာဖဲတချပ်လို လုပ်နေတာထက်၊ ရခိုင်ဒေသတည်ငြိမ်အေးချမ်းရေး အတွက် လိုအပ်တဲ့ ပြတ်သားမှုတွေ၊ ထိထိရောက်ရောက် ကိုင်တွယ်မှုတွေကို လုပ်ဖို့လိုပါလိမ့်မယ်။ အစိုးရအနေနဲ့ ကိုယ့်ရဲ့ ပြည်သူတွေကို ကစားပွဲတခုမှာ အသုံးချခံလို လုပ်နေတာထက်၊ စိတ်စေတနာအပြည့်နဲ့လုပ်ဖို့လိုပါတယ်။
လွတ်လပ်တဲ့အာရှအသံရဲ့ ဂျူလိုင်လ (၂၉) ရက် အင်္ဂါနေ့ညပိုင်း အစီအစဉ်မှာ တင်ဆက်ခဲ့တဲ့ဆောင်းပါးလေးပါ။

သောတရှင်များခင်ဗျား
နိုင်ငံတကာသတင်းမီဒီယာတွေရဲ့ ခေါင်းကြီးပိုင်းဆောင်းပါးတွေကို ကြည့်လိုက်မယ်ဆိုရင် ဆီးရီးယားပြည်တွင်းစစ်ပွဲ နဲ့ ဘူဂေးရီးယားနိုင်ငံဆီက အကြမ်းဖက်မှုအကြောင်းတွေသာ ထိပ်ဆုံးက နေရာယူနေတတ်တာကိုတွေ့ရပါမယ်။ လစ်ဗျားခေါင်းဆောင် ကဒါဖီကို ဖြုတ်ချအပြီး ဒေသတွင်းကို ရိုပ်ခပ်လာတဲ့ အကျိုးဆက်တွေ နဲ့ မာလီနိုင်ငံဆီက နိုင်ငံရေးမတည်ငြိမ်မှုတွေအကြောင်းကို ထူးထူးခြားခြား သုံးသပ်ပြလေ့မရှိကြပါဘူး။ လူမှုရေးအကြပ်အတည်းအတွေကို အကြောင်းပြုပြီး ဘာသာရေးအစွန်းရောက်သမားတွေရဲ့ ခြေကုပ်နေရာယူမှု အန္တရာယ်တွေကိုလည်း သတိထားဖို့လိုတယ် ဆိုတဲ့ သတိပေးသံတွေကလည်း လူမှုကွန်ယက်တွေက တဆင့် ပျံ့နှံ့လို့ နေပါတယ်။
“ အာဖရိက အနောက်ဖက်မှာ တည်ရှိတဲ့ မာလီနိုင်ငံဟာ ပြင်သစ်ကိုလိုနီဖြစ်ခဲ့ပြီး စံပြဒီမိုကရက်တစ်နိုင်ငံတခုအဖြစ် လူသိများခဲ့ကြတယ်။ ဒါပေမဲ့ ၂၀၁၂ မတ်လလောက်ကစပြီး  မာလီနိုင်ငံမှာ တရားဝင်တင်မြှောက်ထားတဲ့ အရပ်သားအစိုးရကို ဖြုတ်ချပစ်တဲ့ စစ်အာဏာသိမ်းမှုတွေကို ကြုံတွေ့ခဲ့ရတယ်။  စစ်သားတွေဟာ မာလီနိုင်ငံရဲ့ မြောက်ပိုင်းဒေသမှာ ပုန်ကန်ထကြွနေတဲ့ Tuareg ခွဲထွက်ရေး သမားတွေ အပေါ် အစိုးရရဲ့ ကိုင်တွယ်မှုဟာ ပျော့ပြောင်းလွန်းတယ် ဆိုပြီး ဒေါသထွက်ခဲ့ကြတာကြောင့်၊ စစ်အာဏာသိမ်းဖို့ကြိုးစားလိုက်တာဖြစ်တယ်။”
စစ်အာဏာသိမ်းပြီး မကြာခင်မှာပဲ  Tuareg သူပုန်တွေကလည်း မြောက်ပိုင်းဒေသကို သိမ်းယူလိုက်ပြီး လွတ်လပ်တဲ့ “အဇာဝက်” နိုင်ငံတော်အဖြစ်ကြေငြာလိုက်ပါတယ်။ တကယ်တော့ သမိုင်းစဉ်တလျှောက်ကို ပြန်ကြည့်မယ် ဆိုရင်၊ မြောက်ပိုင်းသဲကန္တရ  ဒေသတော်တော်များများမှာ ဖြန့်ကျက် ကျင်လည်ခဲ့ကြတဲ့ Tuareg လူမျိုးတွေကို မာလီ၊ နီဂါ၊ အယ်ဂျီးရီးယား နဲ့ လစ်ဗျားနိုင်ငံတွေမှာ တွေ့ရမှာဖြစ်ပါတယ်။ သူတို့ရဲ့ လွတ်မြောက်ရေးတိုက်ပွဲတွေ ကို  အဓိကထောက်ပံ့ပေးခဲ့သူကတော့ လစ်ဗျားခေါင်းဆောင် ကဒါဖီ ပဲ ဖြစ်ပါတယ်။ မကြာသေးမီက မာလီမှာဖြစ်ပွားခဲ့တဲ့ ပုန်ကန်မှုတွေဟာ လစ်ဗျားခေါင်းဆောင် ကဒါဖီပြုတ်အကျအပြီး အနောက်အုပ်စုရဲ့ လွှမ်းမိုးမှုကို ဒေါသထွက်နေတဲ့ တောရက်ခ် လူမျိုးတွေရဲ့ ခွဲထွက်မှုတခုဆိုရင် မမှားပါဘူး။ ဒါပေမဲ့ တော်ရက်ခ် ခွဲထွက်ရေးသမားတွေ ဟာ မြောက်ပိုင်းဒေသကို ထိန်းသိမ်းမထားနိုင်ခဲ့ပါဘူး။ အဖွဲ့အစည်းအတွင်းမှာ လှိုက်စားအမြစ်တွယ်စပြုလာတဲ့ အစ္စလာမ်ဘာသာရေးအစွန်းရောက်သမားတွေဟာ တောရက်ခေါင်းဆောင်တွေကို မောင်းထုတ်လိုက်ပြီး မြောက်ပိုင်းဒေသကို လွှမ်းမိုးထားလိုက်ပါတယ်။ ရှရီးရာ လို့ခေါ်တဲ့  အစ္စလာမ်ဘာသာရေးဥပဒေ ကို တင်းတင်းကြပ်ကြပ်ပြဋ္ဌာန်းလိုက်ပါတယ်။ တခြားသူတွေရဲ့ ဘာသာရေးအဆောက်အဦတွေကို ဖျက်ဆီးလိုက်ကြတော့တယ်။ အစ္စလာမ်ဘာသာဝင်မဟုတ်တဲ့သူတွေနဲ့ အမျိုးသမီးတွေဟာ မာလီနိုင်ငံဆီက တာလီဘန်လက်သစ်တွေရဲ့ ရက်စက်ဖိနှိပ်မှုတွေကို ခါးစီးခံလိုက်ကြရပါတော့တယ်။ ဒါကြောင့်လည်း နိုင်ငံတကာလူ့အခွင့်အရေး လှုပ်ရှားမှုအဖွဲ့တွေနဲ့ နိုင်ငံတကာတရားရုံးတို့ဟာ မာလီမြောက်ပိုင်းဆီက အစ္စလာမ်စစ်သွေးကြွတွေအပေါ် ပြစ်တင်ရှုတ်ချခဲ့ကြတယ်”
မြောက်ပိုင်းဒေသမှာ အစ္စလာမ်ဘာသာရေးအစွန်းရောက်တွေ ရဲ့ တိုက်စစ်ဆင်ဖိနှိပ်မှုတွေကြောင့် ဒုက္ခသည် ကိုးသောင်းကျော်ဟာ မော်ရီတန်းနီးယားဒေသဆီကဒုက္ခသည်စခန်းတွေဆီမှာ ဝင်ရောက်ခိုလှုံခဲ့ကြပါတယ်။ တခါတုံးက ခွဲထွက်ရေးသမားတွေဖြစ်တဲ့ တော်ရစ်ခ် ခေါင်းဆောင်တွေလည်း အဲ့ဒီစခန်းတွေမှာ ခိုဝင်ခဲ့ကြရပါတယ်။ တကယ်တော့ မာလီမြောက်ပိုင်းဒေသဟာ အနောက်ကမ္ဘာမုန်းတီးမှုတွေနဲ့အတူ အော်ကိုင်းဒါးအကြမ်းဖက်သမားတွေရဲ့ စစ်ရေးလေ့ကျင့်မှု
နေရာတခုအဖြစ် တည်ရှိလာခဲ့ပါတယ်။ ဒါကြောင့်လည်း မာလီ အစိုးရဟာ သူပုန်တွေရဲ့ ခွဲထွက်ရေးသမားတွေကြောင့်  ဖြစ်ပေါ်ခဲ့တဲ့ အကြမ်းဖက်မှုတွေကို တရားဝင်စစ်ဆေးဖို့ ဂျူလိုင် (၁၉) ရက်နေ့မှာ နိုင်ငံတကာ တရားရုံးထံ အကူအညီတောင်းခဲ့ပါတယ်။ ”
ဒါပေမဲ့ မာလီ စစ်အာဏာသိမ်းအစိုးရကိုယ်တိုင်က ရိုးသားမှုမရှိပါဘူး။ မတ်လမှာ နိုင်ငံတော်အာဏာကို မတရားသိမ်းပိုက်မှုကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းက ဖိအားပေးခဲ့ပါတယ်။ ဒါကြောင့်လည်း အရပ်သားခေါင်းဆောင်တွေကို ကြားဖြတ်အစိုးရဖွဲ့ခိုင်းပြီး နိုင်ငံတော်အာဏာကို ခေတ္တလွှဲပြောင်းယူစေခဲ့ပါတယ်။ သိတ်မကြာခင်မှာပဲ မာလီသမ္မတရဲ့ စံအိမ်တော်ကို ဆန္ဒပြလူအုပ်ဟာ ဝိုင်းရံတိုက်ခိုက်ခဲ့တာကြောင့် ယာယီအစိုးရရဲ့ ခေါင်းဆောင်ဟာ ပြင်သစ်နိုင်ငံဆီကို ထွက်ပြေးဆေးကုသခံခဲ့ရတယ်။ ပြည်သူတွေဟာ သမ္မတကို လက်မခံကြတော့ဘူး ဆိုတဲ့အကြောင်းပြချက်နဲ့အတူ စစ်သားတွေက မာလီနိုင်ငံရေးကို နောက်ကွယ်ကနေ ကြိုးဆွဲခဲ့ပါတော့တယ်။
တခါတုံးက ဒီမိုကရက်တစ်ကွန်မြူနတီ ညီလာခံတွေကို ကျင်းပခဲ့တဲ့ မာလီတောင်ပိုင်းမြို့တော်ဖြစ်တဲ့ ဘမားကို ရဲ့ အခြေအနေတွေက ပြောင်းလဲခဲ့ပါပြီ။ စစ်အာဏာသိမ်းအစိုးရကလည်း မြောက်ပိုင်းဒေသက အစ္စလာမ်စစ်သွေးကြွတွေကို အကြောင်းပြပြီး၊ သူ့ကို ဝေဖန်တဲ့ အတိုက်အခံတွေအားလုံးကို ဖမ်းဆီးထောင်ချခဲ့ပါတယ်။ သတင်းထောက်တွေဟာ နှောက်ရှက်ဟန့်တားခြိမ်းခြောက်မှုပေါင်းစုံကို ခံခဲ့ရပါတယ်။ တခါတလေ လူမသိသူမသိ ပြန်ပေးဆွဲခံရ၊ ရိုက်နှက်ခံရပြီး လမ်းဘေးအမှိုက်ပုံတွေနားမှာ တရိစ္ဆာန်တကောင်လို ပစ်ချသွားတဲ့ အလောင်းတွေကိုလည်း မြင်နေရပါတယ်။ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊ နှိပ်စက်ညှင်းပမ်းမှု နဲ့ ဖိနှိပ်မှုတွေဟာ မာလီနိုင်ငံမှာ နေ့စဉ်ရင်ဆိုင်နေရတဲ့ အခြေအနေဆိုးတွေဖြစ်တယ် လို့ နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့တွေက ဝေဖန်ခဲ့ကြပါတယ်။
“ အမျိုးသမီး ၃၀၀ ကျော်လောက်ဟာ လက်ချင်းချိတ်ပြီး၊ မြို့တော် ဘမားကို ရဲ့ လမ်းမတွေပေါ်ရောက်လာကြတယ်။
သူတို့ဟာ စစ်သားတွေရဲ့ မိန်းမတွေဖြစ်ပြီး ပျောက်ဆုံးနေတဲ့ သူတို့ယောင်္ကျားတွေအတွက် ချီတက်ဆန္ဒပြကြတာ လို့ဆိုတယ်။ သူတို့ကို ဘယ်မှာဖမ်းထားတယ်။ ဘယ်လိုပျောက်ဆုံးခဲ့တယ်။ အသက်ရှင်ခြင်းရှိမရှိ ဆိုတဲ့ကိစ္စတွေကို အစိုးရအနေနဲ့ တိတိကျကျပြောပါ။ အတိတ်တုံးက ဖြစ်ပျက်ခဲ့တာတွေကို မေ့ပြီးအမျိုးသားသွေးစည်းညီညွတ်ရေးကို တည်ဆောက်ပါ။ မြောက်ပိုင်းဒေသဆီက ဘာသာရေးအစွန်းရောက်တွေရဲ့ အန္တရာယ်ကို ရင်ဆိုင်ကြပါ ဆိုတဲ့ တိုက်တွန်းသံတွေက လျှံတက်နေခဲ့တယ်”
သောတရှင်များခင်ဗျား
အသွင်ကူးပြောင်းရေးကာလတွေမှာပဲဖြစ်ဖြစ်၊ ဒေသတွင်းမှာ အင်အားကြီးနိုင်ငံတွေရဲ့အားပြိုင်မှုကြောင့်ဖြစ်ပေါ်နေတဲ့ မငြိမ်မသက်မှုကာလတွေမှာပဲဖြစ်ဖြစ်၊ ဘာသာရေးအစွန်းရောက်သမားတွေရဲ့ ကျူးကျော်မှု၊ ခွဲထွက်မှု အန္တရာယ်ကို ကြုံတွေ့နေရတဲ့အခါမှာပဲဖြစ်ဖြစ်၊ တိုင်းပြည်မှာဖြစ်ပွားနေတဲ့ တိုင်းရင်းသားပြဿနာ၊ နိုင်ငံရေးအကြပ်အတည်းတွေကို မဖြေရှင်းနိုင်ရင် မိအေးနှစ်ခါနာတဲ့အဖြစ်မျိုးကြုံတွေ့ရပါလိမ့်မယ်။ မာလီနိုင်ငံရဲ့ စစ်အာဏာသိမ်းခေါင်းဆောင်တွေ ကျူးလွန်နေတဲ့ အမှားတွေလိုမျိုး ခြေရာထပ်မမှားဖို့လိုပါလိမ့်မယ်။ သောတရှင်မြန်မာပြည်သူတွေလည်း လုံခြုံငြိမ်းချမ်းတဲ့ဘဝတွေကို ပိုင်ဆိုင်ကြပါစေ။

0 comments:

Post a Comment

Social Icons

About

Search