ရတနာများ (ကျော်သူ)

on Wednesday, August 1, 2012

အမိဝမ်းမှ မွေးလာခဲ့ပြီဆိုကတည်းက သင်ကြားခြင်းနှင့်စခဲ့ရသည်ဟုပြောလျှင် မှားမည်မဟုတ်။ မိဘများ က မွေးကာ စ သားသမီးတို့၏ လေ့လာသင်ယူနေသော အချိန်တွင် “ဖေဖေ၊ မေမေ” ခေါ်တတ်စေရန်၊ လမ်းလျှောက် တတ်စေရန်စသဖြင့် သင်ပေးခဲ့သည်။ ထို့အရွယ်မှစ၍ (၃) နှစ်အရွယ်တွင် မိခင်၊ဖခင်တို့၏ သင်ကြားပေးမှုဖြင့် မလုံလောက်သောကြောင့် မူကြိုကျောင်းသို့ ပို့ဆောင်ကာ ဆရာ/ဆရာမတို့၏ ပညာသင်ယူမှုကို ခံယူကြရသည်။

ထို့ကြောင့် မွေးစကတည်းက ကလေးတွေမှာ ဆယ်တန်း အရွယ်ထိ နေအိမ်နှင့်ကျောင်း၊ ကျောင်းနှင့်ကျူရှင် ထိုမှ တဖန် စာမှ စာ ဖြစ်နေသောကြောင့် တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်ပြီးချိန်တွင်လည်း လူ့လောကအကြောင်း၊ ဘဝအကြောင်း လက်တွေ့မသင်ကြားရသေးဘဲ ကွန်ပြူတာ(Basic)သင်တန်း၊ အင်္ဂလိပ်စကားပြောသင်တန်း စသဖြင့် သင်ကြားကြရသည်မှာ ဓမ္မတာပင်ဖြစ်သည်။ မိဘများနှင့် သား/သမီးများအဖို့ ပညာသင်ကြားခြင်းနှင့် စာသင်ကြားခြင်းကို ခွဲခြားသိမြင်ဖို့ အရေးကြီးလှပေသည်။

တက္ကသိုလ်ဝင်တန်း စာမေးပွဲပြီးခါစအချိန်တွင် ပရဟိတစိတ်ဓါတ်ဖြင့် လူမှုရေးအလုပ် လုပ်ကိုင်လိုစိတ် ရှိကြသော ကလေးသူငယ်များသည် ရှိသော်ငြားလည်းရှားပါးပါသည်။ မိဘများ၏ ကြီးမြတ်သောအတွေးအခေါ်ဖြင့် မိမိတို့၏ ရင်သွေးငယ်လေးများကို သူတော်ကောင်းစိတ်၊ ပရဟိတစိတ်ဖြင့် လူသားအကျိုးပြုအလုပ်အား လုပ်ကိုင် တတ်စေရန်၊ ပရဟိတကျောင်းကြီးဖြစ်သော နာရေးကူညီမှုအသင်း(ရန်ကုန်) သို့အပ်နှံခဲ့သော မိဘများကို အထူး ဂုဏ်ယူသောအားဖြင့် ဦးဖေမောင်တင်၏ သြဝါဒစကားအား အများပြည်သူသိအောင် တင်ပြအပ်ပါသည်။

“ကိုယ့်မိ ကိုယ့်ဘထက်
နောက်တစ်ဆင့်မြင့်အောင်
ကြိုးပမ်းကြ၊
ကိုယ့်သား ကိုယ့်သမီးကို
ကိုယ့်ထက်
နောက်တစ်ဆင့်မြင့်အောင်
ထမ်းတင်ပေးနိုင်တဲ့
ပခုံးစွမ်းအားရှိအောင်
အားထုတ်ကြ။”

( ဦးဖေမောင်တင်)

ကိုယ့်သား ကိုယ့်သမီးကို … ကိုယ့်ထက် … နောက်တစ်ဆင့်မြင့်အောင် ဆိုသည့်အတိုင်း မိဘများ၏ ထောက်ပံ့မှုကြောင့် လူမှုရေးမျိုးဆက်သစ်ကလေးများ ပေါ်ထွက်လာခဲ့သည်။ ပရဟိတလုပ်ငန်းပေါင်းများစွာ ရှိကြသော်လည်း ဆယ်ကျော်သက် လူမှုရေးမျိုးဆက်သစ်လေးများသည် အယူသီးမှုများကို တိုက်ဖျက်လျှက်ရှိသော နာရေးကူညီမှုအသင်း(ရန်ကုန်)တွင် လူမှုရေးလုပ်ငန်းများနှင့်အတူ သုခအလင်း စာကြည့်တိုက်တွင် ပညာဒါနတည်း ဟူသော ပရဟိတလုပ်ငန်းကိုရွေးချယ်၍ မိမိတို့၏ အားလပ်သောရက်တွင် လာရောက်ကုသိုလ်ယူခဲ့ကြသော လူငယ်များလည်း ရှိခဲ့ဖူးပါသည်။ ယခု ၂ဝ၁၂ ခုနှစ်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ ကျေးဇူးရှင်မိဘများ၏ အားပေးမှု၊ ခွင့်ပြုမှုတို့ဖြင့် လာရောက်၍ လုပ်အားဒါနပြုကြကာ ကိုယ့်သမိုင်း … ကိုယ်ရေး ကြမည့် လူမှုရေး မျိုးဆက်သစ်လူငယ်လေးများနှင့် အများပြည်သူများနှင့် မိတ်ဆက်ပေးကာ ဂုဏ်ပြုချင်ပါသည်။

အမှတ် ၆၁၉၊ ၄၆ ရပ်ကွက်၊ ပြည်ထောင်စုလမ်း၊ မြောက်ဒဂုံမြို့နယ်နေ မောင်ဟိန်းကိုကိုနှင့် အမှတ် ၅၇၃၊ ၄၆ရပ်ကွက်၊ စံရိပ်ငြိမ်(၄)လမ်း၊ မြောက်ဒဂုံမြို့နယ်နေ မောင်ချိုမွန် တို့နှစ်ဦးသည် အ.ထ.က (၁-ခွဲ)၊ အ.လ.က(၂) မြောက်ဒဂုံမြို့နယ်၊ ကျောင်းမှ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေပြီးပြီးချင်း နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ အပါတ်စဉ် ကြာသာပတေးနေ့တွင် လာရောက်၍ လုပ်အားပေးကြပါသည်။ ထို့အတူ မြောက်ဒဂုံမြို့နယ် အမှတ် ၆/၃၃၃၊ မေယု(၁)လမ်းနေ မဆုမြတ်ရည်ဝင်း သည်လည်း အ.ထ.က(၂) ဒဂုံအရှေ့ ကျောင်းမှ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေပြီးနောက် (၁၉.၅.၂၀၁၂)ရက် နေ့မှစတင်၍ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ သုခအလင်း စာကြည့်တိုက်သို့ အပါတ်စဉ် အင်္ဂါနေ့များတွင် လာရောက်  လုပ်အားပေးလျှက်ရှိပါသည်။ ၂၉.၇.၂ဝ၁၂ ရက်နေ့မှစ၍ အမှတ် ၁၊ ၇ရပ်ကွက်၊ (A7)အနော်ရထာလမ်း၊ ပုဇွန်တောင်မြို့နယ်နေ မစုလဲ့နှင်းသည် အပါတ်စဉ် တနင်္ဂနွေနေ့များ တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ သုခအလင်း စာကြည့်တိုက်သို့ လာရောက်၍ လုပ်အားပေးနေလျှက် ရှိပါသည်။

မဆုမြတ်ရည်ဝင်းသည် နာရေးကူညီမှုအသင်း(ရန်ကုန်)၌ ဝင်ရောက် ကုသိုလ်ရယူခွင့် ရခဲ့သည့်အတွက် မိမိ ကိုယ်ကို များစွာဂုဏ်ယူမိကြောင်း၊ နာရေးကူညီမှုလုပ်ငန်းသည် အများမလုပ်နိုင်သော အလုပ်ဖြစ်သည့် အတွက် ကြောင့် လည်း ထိုလောက်အထိ ဂုဏ်ယူနိုင်ခဲ့သည်ကို ဝမ်းသာပီတိများဖြင့် ပြောကြားသွားခဲ့ပါသည်။

“မိဘ၊ ဆရာ ဖြစ်စေကာမူ၊ သူဟာ ဗာလ၊ ပဏ္ဍိတဟု သေချာခွဲလှစ် တွေ့တိုင်းစစ် မလစ်စေနဲ့ကွဲ့”
  ဟူသော အရှင်ဇနကာဘိဝံသ (တောင်မြို့ - မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး)၏ ဆုံးမသြဝါဒအတိုင်း လူငယ်များအတွက် မိမိတို့၏ နောင်အနာဂတ် ကာလများတွင် မိမိတို့ ဦးဆောင်ဦးရွက်ပြုလုပ်ရမည်နှင့်အညီ ဗာလနှင့် ပဏ္ဍိတကို သေသေချာချာ ခွဲခြားသုံးသပ်ကာ မိမိတို့တိုင်းပြည်၊ မိမိတို့လူမျိုး၊ မိမိတို့ မိသားစုအတွက် အများအကျိုးပြုမည့် လုပ်ငန်းရပ်များကို ယခု ပစ္စုပ္ပန်ကာလမှစ၍ မိမိတို့၏ ဖြူစင်နုနယ်သော နှလုံးသားအတွင်း သန္ဓေတည်ကိန်းဝပ်နေပြီး စတင် အကောင် အထည်ဖော်နိုင်ရန် အရေးကြီးလှပေတော့သည်။ သို့မှသာ ကမ္ဘာမြေပြင်ကြီးအတွက် အဖိုးမဖြတ်နိုင်သည့် သား/သမီးကောင်းရတနာများ ပေါ်ထွန်းလာကာ ငြိမ်းချမ်းပျော်ရွှင်ဖွယ် လောကကြီးအား အလှဆင်နိုင်တော့မည် ဖြစ်သည်။

(ကျော်သူ)

by Min Kyaw Khine

0 comments:

Post a Comment

Social Icons

About

Search